အချိန်နှင့်နယူတန်
သာမန်လူများအတွက်ရယ်စရာတစ်ခုဟုဆိုနိုင်မယ့် မေးခွန်းတစ်ရပ်သည် ရူပဗေဒ ပညာရှင်ကြီးများကို ခေါင်းကိုစေလျက် ရှိပါသည်။ ထိုမေးခွန်းကား အခြားမဟုတ်ပါ။ ` အချိန်သည် နောက်ပြန်သွားနိုင်သလား ´ ဆိုတေသာမေးခွန်းဖြစ်ပါသည်။ နောက်ဆုံးပေါ်ခေတ်မီလှပါသည်ဆိုသော သိပ္ပံပညာသည်ဤမျှရိုးရှင်းသည်ဟု ယူဆရန်ရှိသော အချိန်၏` တစ်လမ်းသွားဖြစ်မှု ´ ကိုခိုင်လုံသော သီအိုရီဖြင့်သက်သေမပြနိုင်သေးပေ။
` ဘာကြောင့် အချိန်သည် နောက်ပြန်မသွားနိုင်သလဲ ´ ဆိုသော ပြသနာသည်လွန်ခဲ့သောနှစ်(၃၁၀)က စတင်ခဲ့ပါသည်။ လွန်ခဲ့သော နှစ်(၃၁၀)က အင်္ဂလိပ်လူမျိုး သိပ္ပံပညာရှင်ကြီး ` ဆာအိုင်ဖက် နယူတန် ´ သည် သူ၏ကမ္ဘာကျော် ` ပရင်စီပီယာ ´ ကျမ်းကြီးကိုထုတ်ဝေခဲ့ပါသည်။ ဤကျမ်းကြီး ပေါ်ပေါက်ခဲ့သည်မှစ၍ လူ့ယဉ်ကျေးမှု သမိုင်းသည် တဟုန်တိုးပြောင်းလဲတိုးတက်လာခဲ့သည်ဟုဆိုလျှင် လွန်အံ့မထင်ပါ။ မျက်မှောက်ခတ် သုံးစွဲနေသောမော်တော်ကား၊ မီးရထား၊ လေယာဉ်ပျံမှအစ ယနေ့ခတ်ထိတိုးတက်နေသော သိပ္ပံပညာရပ်များသည် နယူတန်တီထွင်ခဲ့သည့် မက္ကင်းနစ်ပညာ၏ကျေးဇူးနှင့်မကင်းပါ။ နယူတန်၏ မက္ကင်းနစ် သဘောတရားသည် အမြောက်ကျည်ဆံ၏ပျံသန်းမှုလမ်းကြောင်းမှအစ ကမ္ဘာနှင့်တကွ ဂြိုလ်များ၏နေပတ် လမ်းကြောင်းများကိုတွက်ချက်အဖြေထုတ်ပေးနိုင်သည်။ သို့ရာတွင် အံ့သြဖို့ကောင်းသည်မှာ နယူတ်၏မက္ကင်းနစ် သီအိုရီသည် ရှေ့သို့သာတစ်လမ်းတည်းသွားတတ်သော အချိန်၏မဖောက်မပြန်မှန်ကန်သည့် သတ္တိကို မလိုက်နာခြင်းပင်ဖြစ်သည်။ ထပ်မံရှင်းလင်းရသော် နယူတန်၏သီအိုရီတွင် အချိန်သည်အတိတ်နှင့် အနာဂတ်သို့ သွားသွား၊ အနာဂတ်မှအတိတ်တို့ပြန်ပြန်၊ ပြောင်းလဲထူးခြားမှုမရှိခြင်းပင်ဖြစ်သည်။ နယူတန်၏ ပညာအရ ကမ္ဘာမြေကြီး၏လက်ရှိတည်နေရာကို တွက်နိုင်သိနိုင်၏။ ထို့အတူ အချိန်နောက်ပြန်လှည့်ကြည့်ငြားအံ့။ ပြီးခဲ့သောတစ်နာရီကဖြစ်စေ၊ (သို့မဟုတ်) ပြီးခဲ့သောနှစ်တသန်းကဖြင့်စေ ကမ္ဘာရှိခဲ့သောတည်နေရာကိုလည်း အလားတူတွက်နိုင်သိနိုင်ပေ၏။ ဤသို့ဖြစ်ထင်ရှားလှသော နယူတန်၏ ထင်ရှားလှသောမက္ကင်းနစ်သည် အချိန်နောက်ပြန် ပြန်နိုင်သောသီအိုရီဖြစ်လျက်ရှိပေသည်။
အချိန်နှင့်အိုင်စတိုင်း
လူသားတို့၏အာရုံခြောက်ပါးနှင့် ခံစားသိရှိနိုင်သော စကြာဝဌာကြီးကို အလျား၊ အနံ၊ ထုသုံးဘက်မြင် လောကမှအချိန်အပါအ၀င် လေးဘက်မြင်အဖြစ်စတင်တွေးခေါ်ဖော်ထုတ်ခဲ့သူမှာ ကမ္ဘာကျော်သိပ္ပံပညာရှင် အိုင်စတိုင်းဖြစ်ကြောင်းအများကအသိပင်ဖြစ်သည်။ အချိန်မပါဘဲ ဟင်းလင်းပြင်သက်သက်ကိုသာ စဉ်းစား၍ မရနိုင်ကြောင်းအိုင်စတိုင်းကဖော်ထုတ်ခဲ့သဖြင့် အချိန်သည် စတုတ္ထဒိုင်မင်းရှင်းဖြစ်လာခဲ့ပါသည်။ သို့ရာတွင် အိုင်စတိုင်း၏ကမ္ဘာကျော် ` ရီလေတီဗီတီ ´ သီအိုရီကိုယ်နှိုက်ကပင် နယူတန်၏မက္ကင်းနစ်ကို အခြေခံတည် ဆောက်ရခြင်းဖြစ်သဖြင့် ` ရီလေတီဗီတီ ´ သီအိုရီသည်လည်း အချိန်နောက်ပြန်ပြန်သွားနိုင်သော သီအိုရီဖြစ် လျက်ရှိပေသည်။ အိုင်စတိုင်းနှင့်အလားတူ သိပ္ပံပညာရှင်ကြီးမက္ကဆွဲ၏ကမ္ဘာကျော် လျှပ်စစ်သံလိုက်သီအိုရီသည် လည်းကောင်း၊ ကွမ်တပ်မက္ကင်းနစ်သီအိုရီသည်လည်းကောင်း အချိန်နောက်ပြန်ပြန်သွားနိုင်သော သီအိုရီများ ဖြစ်လျက်ရှိလေသည်။ ဤသို့ဖြင့် ရူပဗေဒပညာရပ်၏ သမ္မာကျမ်းစာများသဖွယ် ကြီးကျယ်ခိုင်ခန့်လှသော သီအိုရီကြီးများသည် အချိန်နှင့်ပတ်သက်၍ ဘ၀င်မကျနိုင်စရာဖြစ်လျက်ရှိပါသည်။ ဤကိစ္စနှင့်ပတ်သက်၍ ရှင်းပြရန်ရူပဗေဒဆိုင်ရာ နိုဗယ်ဆုရှင်ပညာရှင်ကြီးတစ်ဦးအား သုတေတီတစ်ဦးက မေတ္တာရပ်ခံသောအခါ ထိုပညာရှင်ကြီးက ` ဒီပြသာနာကို မစဉ်းစားဘဲတတ်နိုင်သမျှရှောင်တာအကောင်းဆုံးပဲ ´ ဟုသာ ပြန်လည်ဖြေဆိုနိုင်ခဲ့သည်။
အိုင်စတိုင်း ကိုယ်တိုင်သည်ပင်လျှင် အချိန်၏ပဟေဌိကိုအဖြေမညှိနိုင်သည့်အတွက် အတွေးအခေါ် ချွတ်ချော်တိမ်းမှားသွားခဲ့ပုံရသည်။ တစ်ခါက သူ၏ငယ်ပေါင်းကြီးဖော်သူငယ်ချင်းမစ်ချယ်ဘက်ဆို ကွယ်လွန်ချိန်တွင် ဘက်ဆို၏နှမဖြစ်သူထံသို့အိုင်စတိုင်းက ဤသို့စာတစ်စောင်ရေးခဲ့ဖူးသည်။
မစ်ချယ်ကတော့ ဤဆန်းပြားပွေလီတဲ့ လောကကြီးကနေကျုပ်ထပ်အရင်စောပြီး ထွက်ခွာသွားနှင့်ပြီ။ သို့သော်လည်း စောတယ်၊ နောက်ကျတယ်ဆိုတာဟာဖြင့် သိပ်တော့အရေးမပါလှပါ။ ဘာလို့လဲဆိုတော့ အတိတ်၊ ပစ္စုပန်၊ အနာရတ်ဆိုတာတွေဟာ ကျုပ်တို့လို ရူပဗေဒသမားတွေအတွက်တော့ တစ်ခုနှင့်တစ်ခု ဘာမှမကွဲပြားမခြားနားတဲ့ အာရုံ့ရဲ့လှည့်စားမှုသက်သက်မို့ပါပဲ….
အချိန်နှင့်သာမိုဒိုင်းနမစ်
အောက်စဖို့ဒ်တက္ကသိုလ်မှ သင်္ချာပညာရှင်ရောဂျာပင်ရို့စ်ကမူ အိုင်စတိုင်း၏ အတွေးအခေါ်ကို လက်သင့်မခံခဲ့ပေ။ ပင်ရို့စ်က ရှေ့သိုသာတစ်လမ်းတည်းသွားတတ်သောအချိန်ကို ရူပဗေဒက ရှင်းမပြနိုင်သေး သောသဘာဝတရား၏ မြားခုနှစ်စင်းအဖြစ်တွေးခေါ်ဖော်ထုတ်ခဲ့ပါသည်။ ဤဆောင်ပါးတွင် ပင်ရို့စ်၏ မြားခုနှစ်စင်းစလုံးကိုရှင်းပြရန်အခွင်မသာသော်လည်း ` အင်ထရိုပီမြား ´ ဟုအမည်ပေးထားသော သတ္တမမြား အကြောင်းအကျဉ်းမျှတင်ပြသွားပါသည်။ အင်ထရိုပီသည် `စနစ်တစ်ခု၏ ဖရိုဖရဲဖြစ်မှုအတိုင်းအတာ ´ အဖြစ်စဉ်းစားလျှင်နားလည်းရန်အရှင်းဆုံးဖြစ်သည်။ လက်ပတ်နာရီတစ်လုံး၏ စနစ်သည် လက်မှာပတ်ထားစဉ်တွင် အစီအစဉ်အကျဆုံးဖြစ်ပြီးလက်မှလွတ်ကျပြီး ကလီစာများ တစ်စစီပြန့်ကြဲနေစဉ်တွင် ဖရိုဖရဲအဖြစ်ဆုံးဖြစ်ပါသည်။ အင်ထရိုပီစကားဖြင့် ပြောရလျှင် လက်မှာပတ်ထားစဉ်တွင် နာရီ၏ အင်ထရိုပီသည် အနိမ့်ဆုံးဖြစ်ပြီး လွတ်ကျ၍ကွဲသွားစဉ်တွင် နာရီ၏အင်ထရိုပီသည် အမြင့်ဆုံးဖြစ်ပါသည်။
ထင်ရှားကျော်ကြားသော သာမိုဒိုင်းနမစ်၏ ဒုတိယဥပဒေသက `အင်ထရိုပီသည် အမြင့်ဆုံး အခြေအနေသို့ရောက်အောင် အစဉ်အမြဲတိုးတက်ပွားစီးလျက်ရှိသည်´ ဟု ဆိုပါသည်။ ရေသည်မြင့်ရာမှ နိမ့်ရာသို့အစဉ်စီးဆင်းကဲ့သို့ အင်ထိရိုပီသည် နိမ့်ရာမှ မြင့်ရာသို့ အစဉ်တိုးပွားလျက်ရှိပါသည်။ ဘာကြောင့်အင်ထရိုပီဤသို့အစဉ်အမြဲမြင်တက်နေရသည်ကိုမူ ယနေ့တိုင်သိပ္ပံပညာကခိုင်ခိုင်လုံလုံ မရှင်းပြနိုင်သေးပေ။ သို့ရာတွင် လက်မှလွတ်ကျ၍တစ်စစီကွဲကြောင်းကိုတော့ လူတိုင်းလက်ခံကြပါသည်။ အင်ထရိုပီသည် ရှေ့သို့သာအစဉ်အမြဲတိုးပွားနေသကဲ့သို့ အင်ထရိုပီ၏မြားဦးလှည့်ရာအတိုင်း အချိန်၏ မြားဦးသည်လည်း ရှေ့သို့သာတစ်လမ်းတည်းသွားလျက်ရှိလေသည်။ အင်ထိရိုပီသည်မြင့်ရာမှ နိမ့်ရာသို့ ပြန်မဆင်းနိုင်သကဲ့သို့ အချိန်သည်လည်းအနာဂတ်မှ အတိတ်သို့နောက်ကြောင်းပြန် မသွားနိုင်ပေ။ ဤကား ပင်ရို့စ်ရှင်းပြသော အချိန်၏သတ္တမမြားအကြောင်းဖြစ်ပါသည်။
ရာဇ၀င်တွင်လောက်သောအချစ်များ
ရာဇ၀င်တွင်လောက်သော အချစ်များအကြောင်း ကျွန်တော်တို့ဖတ်ကြရသည်။ ဟယ်လင်ကို ချစ်သည့် အတွက်မိမိတိုင်းပြည်တစ်ပြည်လုံးကို မီးဟုန်းဟုန်းအတောက်ခံသည့် ထရွိုင်မြို့သား ပဲရစ်၏အချစ်၊ မတ်ခ်အန်ထနီ သေပြီထင်၍မြွေပခြုပ်ထဲလက်ထည့်ကာ အသေခံသည့်ကလီးယိုပါးထရာ၏အချစ်၊ မဏိစန္ဒာကို ချစ်သည့်စိတ်အတွက်လက်ပြန်ကြိုးအတုပ်ခံကာ အရိန္ဒမာလှံနှင့်အထိုးခံသည့် ကျန်စစ်သား၏အချစ်..စသည့် ရာဇ၀င်တွင်လောက်သောအချစ်များအကြောင်း ဖြစ်ပါသည်။ သို့ရာတွင်ဤနေရာတွင်တင်ပြမည့် အချစ်သည် ထိုအချစ်များကဲ့သို့ ပြင်းပြစူးရှသည့်ရမ္မက်ဇောပြင်းထန်သော အချစ်မျိုးမဟုတ်ဘဲ ကြားနရသူများစိတ်နှလုံး ညွှတ်နူးဖွယ်ကောင်းလောက်အောင် ချစ်ကြင်နာသော တဏှာပေမကင်းသည့်အချစ်မျိုးဖြစ်ရာ တစ်ပုဒ်ကသားအဖ အချစ်ဖြစ်ပြီး၊ နောက်တပုဒ်ကညီအစ်ကိုအချစ်ဖြစ်ကာ နောက်ဆုံးတစ်ပုဒ်က သခင်နှင့် ကျွန်အချစ်ဖြစ်ပါသည်။
မြန်မာ့သမိုင်းတွင် ကြီးကျယ်ထင်ရှားသောပုဂံပြည်ကြီးပျက်သုန်းပြီးနောက် ပင်းယမင်းဆက်ကို စတင်တည်ထောင်သော တစ်စီးရှင် သီဟသူမင်းကြီးအကြောင်းကြားဖူးသူများပါသည်။ သို့ရာတွင် သီဟသူမင်းကြီးက သားအပေါ်ထားရှိသော ချစ်ချင်းမေတ္တာ၏အတိုင်းအရှည် ပမာဏကိုကားကျကျနန ကြားဖူးကောင်းမှကြာဖူးပေလိမ့်မည်။
သီဟသူမင်းတွင် သား(၄)ယောက်ရှိသည်။ အကြီးဆုံးသားတော်သည် ပုဂံပြည်၏နောက်ဆုံးမင်းဖြစ်သူ နန်းကျကျော်စွာ၏မိဖုရား မိစောဦးကို ၀မ်းတွင်းပဋိသန္ဓေသုံးလနှင့် သီဟူမင်းယူ၍ တောင်နန်းမိဖုရားမြောက်ရာမှ ဖွားမြင်သော ဥဇနာဖြစ်သည်။ ထို့ကြောင်သားတော်ကြီး ဥဇနာသည် သီဟသူ၏သားအရင်းမဟုတ်ပေ။ သို့ရာတွင် သီဟသူက သားအရင်းကဲ့သို့ပင်ချစ်ကာ အိမ်ရှေ့မင်းသားအရာကိုပေးသည်။ ဒုတိယနှင့် တတိယ သားတော်များသည် သီဟသူနှင့် မိဖုရားမိစောဦးတို့မှမြင်သည့် ကျော်စွာ(နောင်တွင်ငါးစီးရှင်ကျော်စွာ)နှင့် နော်ရထာဖြစ်သည်။ စတုတ္ထသားတော်သည် မြောက်နန်းမိဖုရားမှ မြင်သည့် အသင်္ခယာစောယွမ်းဖြစ်သည်။ (မြောက်နန်းမိဖုရားသည် မဟာမျိုးနွယ်မဟုတ်ဘဲ သာမန်အရပ်သူတစ်ဦးသာဖြစ်သည်။)
တစ်နေ့တွင် တစ်စီးရှင်သီဟသူက သားတော်တို့တွင်ရှိသော အင်အားအလုံးအရင်းကိုသိလို၍ အိမ်ရှေ့မင်းဥဇနာကိုခေါ်ကာ သားတော်ဝယ် ဆင်မြင်းအလုံးအရင်းမည်မျှရှိသလဲဟုမေးသည်-
ထိုအခါ ဥဇနာက
`ကျွန်တော်တွင် ကြောင်းချည်းထသော် တိုက်ဆင်(၁၀၀)၊ မြင်း(၈၀၀)၊ ချပ်ဝတ်တန်ဆာနှင့်တကွ သူရဲကောင်း(၁၀၀၀၀)ရ၏´ ဟုလျှောက်ရာ မင်းကြီးအလွန်အားရသွားသည်။
တစ်ဖန်သားတော်အလတ် ကျော်စွာကိုလည်းခေါ်၍မေးမြန်းရာ ကျော်စွာက --
` ကျွန်တော့်တွင် လွတ်ချည်းထသော် တိုက်ဆင်(၈၀)၊ မြင်း(၆၀၀)၊ ရွှေကာကိုင်သောသူရဲကောင်း (၁၀၀၀၀)ရ၏´ ဟုလျှောက်ရာခမည်းတော်က --
` ငါ့သားတော်တို့တွင်ရှိသော အလုံးအရင်း၊ ဆင်း၊ မြင်း၊ ဗိုလ်ပါနှင့် လုပ်ကြံရသည်ရှိသော် အဘယ်ပြည်ထေင်သည်ခံနိုင်မည်နည်း ´ ဟုချီးမွမ်းလေသည်။
ထိုနောက် မြောက်နန်းမိဖုရားတွင်မြင်သော သားတော်အငယ်အသင်္ခယာစောယွမ်းကို ခေါ်၍မေးမြန် တော်မူရာစောယွမ်းက --
` ကျွန်တော်ရှင်အရည်းတိုးကိုပစ်၍ အထိန်းသားနှင့်သော် ရှစ်ကျိပ်သာရှိ၏ ´ ဟူ၍လျှောက်ရာ ခမည်းတော်က --
` ငယွမ်းငယ်--ငါမရှိလျှင်နင့်ကို သူညှဉ်းဆဲစရာဖြစ်လေတော့မည်။ နင့်အစ်ကိုတို့ရှိသောကြောင့် နင့်ကိုငါဆင်ကောင်းမြင်းကောင်၊ အလုံးအရင်းမပေးသာ။ ဆင်၊ မြင်း၊ အလုံးအရင်း၊ စားကျေးစားလက်ကိုလိုသော် နင့်အစ်ကိုတို့ကိုရှေ့နေခေါ်၍ ငါ့ကိုလျှောက်လှည့် ´ ဟုသင်ပေးလိုက်သည်။
စောယွမ်းလည်း နောင်တော်ဥဇနာနှင့် ကျော်စွာတို့ဆီသွား၍..
` ကျွန်တော့်တွင် ဆင်မြင်းအလုံးအရင်ူးမရှိပါ။ ခမည်းတော်ဘုရားကို အရှင့်သားနှစ်ပါး နားတော်လျှောက် ပါသည်ဖြစ်မှကျွန်တော်ရပါမည်´ ဟုလျှောက်သည်။
နောင်တော်နှစ်ပါးလည်း ညီတော်ကိုခေါ်၍ ခမည်းတော်နန်းတော်သို့သွားကာ စောယွမ်းတွင် အလုံးအရင်း ဆင်မြင်းမရှိ၍ပေးသနားတော်မူပါဟု လျှောက်ကြသည်။
ထိုအခါ ခမည်းတော်က …
` ငယွမ်းငယ်သည် ဆင်မြင်အလုံးအရင်းနှင့်အရာမဟုတ်။ သို့ရာတွင် ငါ့သားတို့ပေးလိုက ယူစေကာမူ´ ဟုဆိုသည်။ စောယွမ်းလည်းခွင့်ရပြီးလျှင်ကောင်းနိုးရာရာအလုံးအရင်း ဆင်မြင်းတို့ကို ရွှေးချယ်၍ယူသည်။ ထို့နောက်နောင်တော်တို့အိမ်သို့ နောက်တစ်ကြိမ်သွားကာ..
` အရှင်သားနှစ်ပါးရှေ့ရပ်တော်မူ၍ လျှောက်လေသောကြောင့် အလုံးအရင်းဆင်မြင်းကား ကျွန်တော်ရပေပြီ။ စားကျေးစားလက်ကားမရပါသေး။ ရှေ့ရပ်တော်မူ၍ စစ်ကိုင်းအရပ်ကိုသနားတော်မူပါမည့် အကြောင်းကိုခမည်းတော်ကို နားတော်လျှောက်ပေးပါ ´ ဟုလျှောက်ပြန်သည်။ နောင်တော်နှစ်ပါးလည်း ညီတော် ကိုခေါ်၍ခမည်းတော်နန်းတော်သို့သွားပြိး စောယွမ်းသည်ဆင်မြင်အလုံးအရင်းရှိပြီဖြစ်သော်လည်း စားကျေးစားလက်မရှိသေးသဖြင့် မြက်ရေကောင်းသော စစ်ကိုင်းအရပ်ကိုသနားတော်မူပါဟု လျှောက်ကြသည်။
သို့အခါ ခမည်းတော်မင်းကြီးက..
` ငယွမ်းငယ်သည် သားတို့လျှောက်၍ဆင်မြင်းအလုံးအရင်းပေးတော်မူပြီး စားကျေးစားလက်ပေး တော်မူလျှင်သင်းငါ့ကိုပုန်ကန်သောင်းကျန်းအံ့သည် ´ ဟုမိန်တော်မူရာ သားတော်နှစ်ပါးက..
`သင်းမျှသသူသည် ကျွန်တော်တို့ရှိသည်ကိုဝံ့ရာသည်လော ´ ဟုလျှောက်သည်။
ခမည်းတော်က..
` ငါကားမပေး။ ငါ့သားတို့ပေးလိုက ယူစေကာမူ ´ ဟုဆိုသည်။
အသင်္ခယာစောယွမ်းလည်း အလုံးအရင်းဆင်မြင်း၊ စားကျေးစားလက်ရပြီးနောက် သက္ကရာဇ်(၆၈၄)ခုနှစ် တွင်စစ်ကိုင်း၌မြို့သစ်တည်၍ သက္ကရာဇ်(၆၈၅)ခုနှစ်တွင် အုန်မြို့တည်ကာ မြောက်ဘက်အလုံးကို လက်နက် နိုင်ငံပြု၍ခြားနားလေသည်။ ထိုအခါတစ်စီးရှင်သီဟသူသည် သားငယ်အသင်္ခယာစောယွမ်း၏ လုပ်ရည်ကြရည်ကို သိလို၍ သားတော်အကြီးဥဇနာကိုခေါ်ကာ..
`ငါ့သားတို့လျှောက်သောကြောင့် ငယွမ်းငယ်ကိုအလုံးအရင်းဆင်မြင်းပေးတော်မူသည်။ ရပြီးလျှင် ငါကခေါ်စေတော်မူသည်ကို မလာ။ အခိုင်နေသည်။ အမောင်အလုံးအရင်းနှင့်သွားရောက်ပြိး သင်းတို့လင်မယားကိုယူချေ။ ဆင်မြင်းဗိုလ်ပါကိုကားထားခဲ့ဟု ´ မိန့်သည်။
သားတော်ဥဇနာလည်းအလုံးအရင်းဆင်မြင်းအများနှင့် ရွှေကြက်ယက်သို့ကူးသည်။ ထိုအခါခမည်းတော် တစ်စီးရှင်က…
` ငယွမ်းငယ်..နင့်အစ်ကို ဥဇနာလာ၏။ ကောင်းကောင်းထောင်ထားနှင့်´ ဟူ၍လူလွှတ်ပြီးမှာသည်။
အသင်္ခယာစောယွမ်းလည်း အသင့်ပြင်ဆင်ထားပြီးဖြစ်၍ နောင်တော်မြစ်အကူးတွင် ဆီး၍တိုက်လေရာ နောင်တော်၏တပ်ပျက်လေသည်။ ဥဇနာလည်းတပ်ပျက်လေလျှင် ပင်းယသို့အဆောတလျင်ပြန်လာသည်။ ခမည်းတော် တစ်စီးရှင်က သားတော်ဥဇနာတပ်ပျက်၍ပြန်လာကြောင်းကြားလျှင် အခေါ်လွတ်၍မေးတော် မူသည်။ ဥဇနာက မြစ်အကူးတွင်ဆီး၍တိုက်ခံရသောကြောင့်တပ်ပျက်ခဲ့ကြောင်းလျှောက်လျင် ခမည်းတော်က `ထွီ´ ဟူ၍ ကဲ့ရဲ့လေသည်။
သားတော်အကြီးတပ်ပျက်လျှင် မင်းကြီးကသားတော်အလတ်ပင်လယ်စား ကျော်စွာကိုပင်လယ်မြို့မှ ခေါ်၍…
`ငယွမ်းငယ်သည် အမောင်တို့လျှောက်၍အလုံးအရင်းပေးတော်မူလျှင် ငါကခေါ်သည်မလာနေသော ကြောင့်အိမ်ရှေ့ဥဇနာကို ခေါ်စေသော်လည်း ဆီး၍တိုက်လေသည်။ အမောင်သွား၍ သင်းတို့လင်မယားကို ဖမ်းယူချေ။ ဗိုလ်ပါဆင်မြင်းကိုကားထားခဲ့´ ဟုမိန့်သည်။
ကျော်စွာလည်း အလုံးအရင်းဆင်မြင်းအများနှင့် တပယ်ထောက်ရစ်ကကူးသည်။ ထိုအခါ ခမည်းတော် တစ်စီးရှင်က…
`ငယွမ်းငယ် နင်အစ်ကိုကျော်စွာ တပယ်ထောက်ရစ်ကကူးလာ၏ အရပ်အနေသင့်အောင် စီရင်နှင့် ´ ဟူ၍ လူလွှတ်ပြီးမှာသည်။
ကျော်စွာလည်း စစ်ကိုင်းဘက်သို့ရောက်လျှင် စောယွမ်းကမြေနေရာအကျဉ်းဝယ် ဆီး၍တိုက်သောကြောင့် တက်ပျက်ပြန်သည်။ တပ်ပျက်လျှင်ကျော်စွာလည်းပင်းယသို့ခုံတမင်ပြန်လာသည်။ ခမည်းတော်ကမေးတော် ကျော်စွာက မြေနေရာကျဥ်းဝယ်ဆီး၍တိုက်ခံရသောကြောင့် တပ်ပျက်ခဲ့ကြောင်း လျှောက်လျင်ခမည်းတော်က`ထွီ´ဟူ၍ကဲ့ရဲ့လေသည်။ ရာဇ၀င်ထဲတွင်ဖော်ပြထားသည်မှာ ` ထိုနေ့မှစ၍ သားတော်အသင်္ခယာစောယွမ်းကို နှလုံးချတော်မူ၏။ တစ်စီးရှင်သီဟသူကားအလွန်တတ်သိလိမ္မာတော်မူ၏။ သားတော်တို့တွင်လွန်၍ချစ်ငြားသော်လည်း ၀မ်းမနည်းရအောင်ကျင့်တော်မူ၏။´ ဟူ၍ဖြစ်လေသည်။ ထီးနန်းစည်းစိမ်အတွက်သားကအဖေကိုသတ်(ပြည်စားသီဟူက အဆိပ်ခတ်ထားသောစားတော်ကို ခမည်းတော် နရပတေ့မင်းအားအတင်းအျက်စားခိုင်းပြီးသတ်သည်။)အဖေကသားကိုသတ်(ရာဇဓိရာဇတ်ကသားတော် ဗောလောကျန်းတောကို ပုန်ကန်မည်ထင်မှား၍ သတ်သည်။)ထိုခေတ်ထိုအခါမျိုးဝယ် တစ်စီးရှင်သီဟသူက သားငယ်အသင်္ခယာစောယွမ်းအပေါ်ထားရှိသော ဖခင်၏အချစ်ကားစိတ်နှလုံး ညွှတ်နူးဖွယ်ကောင်းလှပါသည်။
အထွေထွေ
ဓမ္မရသစာများ
ကိုယ့်အတတ်နဲ့ကိုယ့်စူး၊ ကိုယ်ပါအရူးဖြစ်စေသတည်း
တာနိုပေါဆိုသည့်မြို့တွင် ရက်ဖ်ဖိုင်ဗယ်ဆိုသည့် ပုဂ္ဂိုလ်တစ်ယောက်နေထိုင်၏ ။ တစ်ရက်တွင် သူသည် ဂျူးလိုမျိုးတို့၏ရှေးဟောင်းဓလေ့ကျမ်းများကို စိတ်ပါဝင်စားစွာဖတ်ရှုနေခိုက် အပြင်ဘက်မှကျလောင်သော အသံတစ်သံကိုကြားလိုက်ရလေ၏။ ပြတင်းပေါက်မှ အပြင်သို့ကြည့်လိုက်ရာ နောက်ပြောင်လေ့ရှိသည့်ကလေးတစ်သိုက်ကိုတွေ့လိုက်ရလေ၏။ “ ဒီကလေးတွေဟာ ငါ့ကိုတစ်နည်းနည်းနဲ့ ဒုက္ခပေးကြတော့မှာပဲ ” ဟုတွေးလိုက်မိလေ၏။
သူကပြတင်းပေါက်မှကိုယ်ကိုကိုင်းပြီးထွက်လိုက်ကာ “ ဟေ့...ကလေးတွေ၊ ဘုရှားရှိခိုးကျောင်းဆီကိုခပ်မြန်မြန်ပြေးကြစမ်း။ အဲဒီသတ္တ၀ါကြီးတစ်ကောက်ရောက်နေတယ်။ အဲဒီသတ္တ၀ါကြီးမှာ ခြေထောက်ငါးချောင်း၊ မျက်စိသုံးလုံးနဲ့ အစိမ်းရောင်မုတ်ဆိတ်မွေးတွေရှိနေတယ်ကွ” ဟုအော်ပြောလိုက်လေ၏။
ထိုတွင်ကလေးများသည် အပြေးအလွှားထွက်ပြေးကြသဖြင့် ရက်စ်ဖိုင်ဗယ်သည် စိတ်အေးချမ်းသာစွာနှင့် ၄င်းစာအုပ်ကိုပြန်ဖတ်နိုင်ခဲ့လေသည်။ သူကထိုလူနောက်ကလေးများအပေါ်တွင် လှည့်စားနိုင်သည့်လှည့်ကွက်ကိုပြန်တွေးမိပြီး ပြုံးလိုက်မိလေ၏ သူ့အနေနှင့် ကြာကြာစာမဖတ်လိုက်ရပါ။ မကြာခင်ပြေးလွှားနေကြသည့် ခြေသံများကိုကြားလိုက်ရပြန်သည်။ သူကပြင်တင်းပေါက်သို့သွားပြီးကြည့်လိုက်ရာ ဂျူးလူမျိုးအများအပြားပြေးလွှားနေကြသည်ကိုမြင်လိုက်ရလေသည်။ သူကအော်ဟစ်ပြီးမေးလိုက်သည်-
ခင်ဗျားတို့က ဘယ်နေရာကိအပြေးအလွှားသွားနေကြတာလဲ ”
“ ဘုရားရှိခိုးကျောင်းကိုသွားနေကြတာဗျ။ ခင်ဗျားမကြားမိဘူးလား။ အဲဒီမှာရေသတ္တ၀ါကြီးတစ်ကောင်ရောက်နေတယ်။ ခြေထောက်ငါးချေင်း၊ မျက်စိသုံးလုံးနဲ့ အစိမ်းရောင်မုတ်ဆိတ်မွေးတွေရှိတယ်တဲ”
ရက်ဖ်ဖိုင်ဗယ်က သူနောက်ပြောင်ပြောဆိုလုကိသောကိစ္စကိုတွေးမိပြီးအားရပါးရရယ်မောလိုက်လေ၏။ ထို့နောက်ရှေးဟောင်းကျမ်းကြီးကိုဆက်လက်ပြီးဖတ်ရှုနေပြန်၏။ သို့ရာတွင်သူစာအုပ်ပြန်ပြီးအာရုံဝင်စားစပြုချိန်တွင် အပြင်ဘက်မှ အုတ်အုတ်ကျက်ကျက်အသံများကို ကြားလိုက်ရပြန်လေ၏။ သူဘာတွေမြင်လိုက်ရသနည်း။ အမျိုးသား၊ အမျိုးသမီးများနှင့် ကလေးများပါပါဝင်နေသောလူအုပ်ကြီးသည် ဘုရားရှိခိုးကျောင်းဆီသို့ ပြေးနေကြခြင်းဖြစ်၏။ သူကပြင်တင်းပေါက်မှ ခေါင်းပြူပြီး “ ဘာတွေဖြစ်နေတာလည်းဗျ” ဟုဟော်ဟစ်မေးလိုက်လေ၏။
“ ဘယ်လိုမေးလိုက်တာလဲဗျ။ ဘာလဲ.. ခင်ဗျားမသိသေးဘူးလား။ ဘုရားရှိခိုးကျောင်းရှေ့မှာ ရေသတ္တ၀ါကြီးတစ်ကောက်ရောက်နေတယ်ကွ။ အဲဒီသတ္တ၀ါကြီးမှာ ခြေငါးချောင်း၊ မျက်စီသုံးလုံးနဲ့ အစိမ်းရောက်မုတ်ဆိတ်တွေရှိတယ်တဲ့”
ထိုနောက်အဆိုပါလူအုပ်သည် ခပ်သွက်သွက်ကလေးဆက်ပြေးပြန်၏။ အဆိုပါလူအုပ်ထဲတွင် ဂျူးဘာသာရေးခေါင်းဆောင်ကြီးကိုယ်တိုင်ပါဝင်နေသည်ကိုတွေ့လိုက်ရလေ၏။
“ ဘုရား..ဘုရား..တကယ်လို့ဘာသာရေးခေါင်းဆောင်ကြီးကိုယ်တိုင်ဒီလူအုပ်နဲ့အတူတူပြေးလွှားနေတယ်ဆိုတော့ တစ်ခုခုဖြစ်နေတာပဲဖြစ်ရမယ်။ မီးခိုးထွက်လာရင် မီးလောင်နေလို့ပဲဖြစ်ရမယ်”
သူသည်ဆက်မတွေးတော့ဘဲ ဦးထုပ်ကိုကောက်ဆောင်းလိုက်ပြီးနောက် ဘုရားရှိခိုးကျောင်းဆီသို့ အသက်ရူမှားလောက်အောင်အပြေးအလွှားလိုက်ပါသွားလေတော့သတည်း။
လမ်းဘေးက သစ်ပင်အို
-ငါဟာလမ်းဘေးက သစ်ပင်အိုလေ
မင်းတို့က ခရီးသွား
တစ်ခါတုန်းက...
မင်းတို့ငါ့အရိပ်မှာ လာခိုနားတော့
ငါကြည့်နူးလိုက်တာ....
-ပူတစ်လှည့်
နွေးတစ်လှည့်
အေးတစ်လှည့်..နေ့ရက်တွေကိုဖြတ်သန်းရင်း
အချိန်တန်တော့...
မင်းတို့လမ်း..
မင်းတို့ဆက်လျှောက်သွားကြတယ်...
ဟုတ်ပါတယ်လေ...
ငါဟာ..လမ်းဘေးကသစ်ပင်အိုပါ...။
- ကံကောင်းပါစေ...ခရီးသွား
တစ်ခါတစ်လေလည်း..တို့ကိုသတိရနော်..
ငါလေ...
လမ်းဘေးကသစ်ခြောက်ပင်ကြီးဖြစ်သည့်တိုင်...
မင်းတို့အတွက်..
မေတ္တာပို့ရင်းရှင်သန်နေပါ့မယ်...။
-ကံကောင်းပါစေ...ခရီးသွား...
ကံကောင်းပါစေ...ခရီးသွား...။
လောကနှင့်သင်
-တစ်လောကလုံး..
မင်းကိုပြုံးပြနေမယ်လို့ မမျှော်လင့်နဲ့
သူ့အပူနဲ့သူ...
မင်းကတော့..
ခေါင်းငုံ့ရင်းလည်းပြုံး
အမုန်းတွေ ချည်နှောင်မထားနဲ့
အထုံးတွေဖြေ...။
တစ်လောကလုံး
မင်းကိုချစ်လာဖို့ဆိုတာမဖြစ်နိုင်
မေတ္တာသာလှိုင်လှိုင်လေးပို့
သန်းခေါင်ညမှာရော
တောင်ထိပ်က အရုဏ်ဦးမှာရော
အရူးလိုပဲ ပြောပြော
လူထူးလို့ပဲ ပြောပြော
မင်းသိထားရမှာက
သူ့အပူနဲ့သူ.....။
မင်းဘယ်သူလဲ
ရှင်မြဲတိုင်းဆက်ရှင်
ပေးဆပ်ခြင်းလွင်ပြင်မှာလေ..။
သူ့အတွေးနဲ့သူ့အတ္တနဲ့ သူ့မာနနဲ့
သူ့အပူနဲ့ သူကြီပြင်းရှင်သန်ခဲ့တဲ့ပတ်ဝန်းကျင်နဲ့
မင်းနဲ့တော့မတူနိုင်
လောကနဲ့သင်
သင်နဲ့လောက
ညှိုဖိ့ကတော့မဖြစ်နိုင်
မေတ္တာသာလှိုင်လှိုင်ပို့....။
ဘ၀ဆိုတာဘာလဲ
ရာသီဥတုသာယာတဲ့ နွေရာသီရဲ့ နေ့တစ်နေ့ကြီးမားတဲ့ တောကြီးတစ်ခုထဲမှာ သတ္တ၀ါတွေဟာ ငြိမ်ငြိမ်သက်သက်အနား ယူနေကြသတဲ့။ အဲဒီအချိန်မှာ ငှက်ကလေးတစ်ကောင်က ` ဘ၀ဆိုတာဘာလဲ ´ ဆိုတဲ့မေးခွန်းကို သီချင်းလုပ်ပြီး တွန်ကျူးနေသတဲ့..။
အဲဒီအချိန်မှာ အပွင့်ထဲကဖူးပွင့်ခါစ ရနံ့သင်းတဲ့နှင်းဆီနီလေးတစ်ပွင့်က ` ဘ၀ဆိုတာ ပြောင်းလဲခြင်းသဘာဝ တရာကြီးပေါ့ ´ လို့ဖြေသတဲ့..။
ပန်းတွေကြားထဲမှာ ပျော်မြူးစွာပျံသန်းနေတဲ့ လိပ်ပြာလေးတစ်ကောင်က ထပ်ဆင့်ပြန်ဖြေတယ် ` ဘ၀ဆိုတာ နေရောင်အောက်က အလှတရားတွေနဲ့ တစ်သားတည်းဖြစ်အောင်နေထိုင်ခြင်းပေါ့တဲ့ ´ ..။
မြေပြင်ပေါ်က စားစရာအစလေးတွေကို ရှာနေတဲ့ပုရွက်ဆိတ်တစ်ကောင်က သူခန္ဓာထက်(၁၀)ဆလောက်ရှိစားစရာကိုထမ်းရင်း ` ဘ၀ဆိုတာ ချွေးတွေသွေးတွေနဲ့ ပင်ပန်းဆင်းရဲစွာ လုပ်ကိုင်စားသောက်ရတာကလွဲလို့ ဘာမှအဓိပ္ပါယ်မရှိပါဘူး ´ လို့ပြောတယ်တဲ့...။
အဖြေတွေဟာ တဖြည်းဖြည်းနဲ့တင်းမာလာတယ်..။ ကံကောင်းလို့မိုးကရွာချလိုက်ရင်း..မိုးကပြောတယ်` ဘ၀ဆိုတာ မျက်ရည်စက်များရဲ့ ပေါင်းစည်းခြင်းမျက်ရည်မိုးစက်တွေကလွဲလို့ ဘာမှမရှိပါဘူး´ ပြောသတဲ့...။
အဲဒီတောကြီးရဲ အမြင့်တစ်နေရာမှာ သိမ်းငှက်တစ်ကောင်က ပျံသန်းနေရင်းနဲ့ပြောတယ်တဲ့`ဘ၀ဆိုတာ အမြင့်ကို ကြိုးစားပျံသန်းခြင်းလေ ´ တဲ့...။ အဲဒီလိုနဲ့ ညအမှောင်ကိုရောက်လာတယ်...။
အဘိုးအိုတစ်ယောက်ဟာ ယိုင်တိုင်တိုင်နဲ့တောကြီးကိုဖြတ်ပြီး မီးအိမ်လေးတစ်လုံးနဲ့ အိမ်ကိုပြန်ရင်းပြောသွားတာကတော့ `ဘ၀ဆိုတာ ကိုယ့်အတွက်ပျော်ရွှင်ကြည်နူးမှုကိုရှာဖွေရင်းနဲ့ နောက်ဆုံးတော့ဝမ်းနည်းခြင်း၊ ကြေကွဲခြင်းနှင့် ခွဲခွာခြင်းပါပဲ ´တဲ့။
ညသန်းခေါင်ကုန်ခန်းလို့ နေမင်းကြီးက အလှဆုံးထွက်လားပြီး ပြောသတဲ့။
`ဘ၀ဆိုတာ ထာဝရရဲ့စတင်ခြင်း၊ နေ့သစ်တွေကိုအရုဏ်ဦးမှာ နေ့စဉ်နေ့တိုင်း ဖွင့်လှစ်ခြင်းပေါ့ ´ တဲ့...။
အဲဒိအချိန်မှာ တောအုပ်ကြီးအနီးက စမ်းချောင်းလေးဘေးမှာ တောရဆောက်တည်နေတဲ့ရဟန်းတစ်ပါးကတော့...
`သဗ္ဗေသတ္တာ ... အဝေရောဟောန္တု၊ အဗျာပဇ္ဇာဟောန္တု၊
အနီဃာဟောန္တု...
သုခိအတ္တာနံ... ပရိဟရန္တု ´ ဆိုပြီး
အနန္တစကြ၀ဌာကို မေတ္တာပို့လို့နေလေရဲ့.....။
မရှိ(သို့)အရူးများသာရှိသည့်
- ဤလောက၌အိမ်မရှင်မရှိ..
အရင်သွားနှင့်သူနှင့် နောက်လိုက်သူသာရှိသည်..
- ဤေလာက၌ သခ်ာၤမရွိ..
သုညမှလာ၍ သုညသို့ပြန်ခြင်းသာရှိသည်...။
- ဤလောက၌ ပိုင်စရာဥစ္စာမရှိ
ဓါတ်ကြီးလေးပါးမှလာ၍ ဓါတ်ကြီးလေးပါးသို့..
ပြန်ခြင်းသာရှိသည်..
- ဤလောက၌ အချိန်သည်မရှိ
စကြာဝဌာအနန္တ ကာလအနန္တ..
လူတွေအဟုတ်ထင်မှတ်၍
သတ်မှတ်ထားသော နာရီသာရှိသည်...
- ဤလောက၌ ဇတ်လမ်းမရှိ
ဖြစ် တည် ပျက် ပုံရိပ်များနှင့်
ထိုပုံရိပ်များကို လိုက်ဖမ်းသော..
အရူးများသာရှိသည်...။
တရားသူကြီး
ဖတ်ခဲ့ဖူးတဲ့ ဇတ်လမ်းတိုလေးတစ်ပုဒ်ပါ... ၁၉၀၀ နောက်ပိုင်းအမေရိကန်မှာ တကယ်ဖြစ်ခဲ့တဲ့ ဇတ်လမ်းလေးတစ်ပုဒ်..ကပ်ရောဂါကျနေချိန်၊ ငတ်မွတ်ဘေးကျရောက်နေချိန်၊ ငတ်မွတ်လို့သေဆုံးတဲ့လူအများကြီး ဖြစ်နေချိန်..
သုညဒီဂရီအောက်အအေးလွန်နေ့တစ်နေ့မှာ..တရားရုံးတော်မှာ အဘွားအိုတစ်ယောက်ရဲ `ပေါင်မုန့်ခိုးမှု ´ ကိုကြားနာ စစ်ဆေးနေချိန်ဖြစ်တယ်..ပေါင်မုန့်ဆိုင်ရှင်တရားလိုက လျှောက်လဲပြီးတဲ့နောက် ပေါင်မုန့်ခိုးတဲ့အဘွားအိုကိုစစ်ဆေးတယ်....
အဘွားအိုက..`သူရဲ့သမီးဟာအရမ်းကိုဖျားနေတယ်..သူရဲ့မြေမလေးဟာငတ်ပြတ်ခြင်းနဲ့ သေရတော့မယ်..ဘာလို့လဲဆိုတော့ သူ့ရဲ့သားသမက်ဟာ သူတို့အားလုံးကို စွန့်ပြီးထွက်သွားလို့´ ပြောတယ်။
ဒါပေမယ့်ပေါင်မုန့်ပိုင်ရှင်က ..`နောက်နောင်ဒီလိုမဖြစ်အောင် စံနမူနာအဖြစ် အဘွားအကို အပြစ်ပေးကိုပေးမှဖြစ်မယ် ´ လို့လျှောက်လဲတယ်..။
တရားသူကြီးဟာ သက်ပြင်းရှည်တစ်ချက်ကိုချလိုက်တယ်..။ဒီအဘွားအိုကို သူ့စိရင်ချက်အပြစ်မချချင်ဘူး..ဒါပေမယ့် တရားဥပဒေနဲ့ပတ်သက်လာရင် သူ့မှာရွေးချယ်စရာလမ်းမရှိဘူး...ဒီတော့တရားသူကြီးကပြောတယ်...`ကျွန်တော် ဒီအမှုနဲ့ပတ်သက်ပြီး တော်တော်စိတ်မကောင်းဖြစ်မိပါတယ်... ဒါပေမယ့် ကျွန်တော်ဒိအမှုကိုရှေင်လွဲလို့မရပါဘူး.. တရားဥပဒေဟာတရားဥပဒေပါပဲ ဒါကြောင့်အဘွားအိုကို ငွေ(၁၀)ဒေါ်လာဒဏ်ရိုက်ဖို့ စီရင်ချက်ချလိုက်တယ်´
သူပြောပြီးတာနဲ့ သူ့ဦးထုပ်ကိုချွတ်လိုက်ပြီး ငွေ(၁၀)ဒေါ်လာတန်တစ်ရွက်ကို သူ့ဦးထုပ်ထဲထည့်လိုက်တယ်...ပြီးတော့ အမှုစီရင်တာကို လာရောက်ကြည့်တဲ့ပရိတ်သတ်အားလုံးကို တစ်ယောက်(၅၀)ဆင့်စီဒဏ်ရိုက်ချင်ပါတယ်...ခင်ဗျားတို့ နေထိုင်တဲ့ဟောဒီမြို့လေးမှာ ` မြေးလေး ´ မသေအောင် ပေါင်မုန့်ခိုးစားရတဲ့အဆင့်ထိအောင် မေတ္တာတရားခေါင်းပါးနေပြီ..မြို့အုပ်မင်းကျေးဇူးပြုပြီး တစ်ယောက်ဆင့်(၅၀)စီကောက်ပေးပါ..။ မြို့အုပ်မင်းလည်းထည့် ပေးပါ..။ အကုန်ကောက်ပြီးရင် ရသမျှငွေကိုတရားခံအဘွားအိုကို ပေးလိုက်ပါ´ လို့ပြောလိုက်တယ်တဲ့...။
ဒါနဲ့အဘွားအိုဟာ တရားရုံးတက်ကပြန်ထွက်သွားတဲ့အခါ(၄၂)ဒေါ်လာနဲ့ဆင့်(၅၀)ရသွားပါတယ်..ဒီအထဲမှာ ပေါင်မုန့်ဆိုင်ပိုင်ရှင်ရဲ့ ဆင့်(၅၀)လည်းပါသွားပါတယ်..။
အဘွားအိုထွက်သွားပြီးတာနဲ့ တရားရုံးထဲမှာရှိတဲ့ဝန်ထမ်းတွေရော ပရိတ်သတ်တွေပါ ပြုံးရွှင်ရယ်မောလို့ မတ်တတ်ရပ် လက်ခုတ်တီးပြီး တရားသူကြီးကို သြဘာပေးကြတော့တယ်တဲ့...။
ငြိမ့်..ငြိမ်...ငြိမ်း
- ငြိမ့်ငြိမ့်ကလေး
ငြိမ်နေရင်လည်း..ငြိမ်းချမ်းတယ်..။
- ငြိမ်ငြိမ်ကလေး...ငြိမ့်နေရင်လည်း...
ငြိမ်းချမ်းတယ်..။
- ငြိမ်းချမ်းချင်ရင်..
ငြိမ်ငြိမ်ကလေးငြိမ့်ပြီး...
ငြိမ့်ငြိမ့်ကလေးငြိမ်နေ...။
- သုံးခွန်းတည်းသောစကားပါ။
ငြိမ့်...
ငြိမ်...
ငြိမ်း...
ဦးကောဝိဒ (၀စီပိတ်ဆရာတော် ) ငြိမ့်ငြိမ်ငြိမ်း မှကူးယူတင်ပြခြင်းဖြစ်ပါသည်...။

